Wednesday, April 25, 2012

ရခိုင်ကံကြမ္မာ ရခိုင်ဖန်တီးနိုင်သည့် အဆင့်အထိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဆက်လက် ဆွေးနွေးသွားမည်

ရခိုင်ပြည်သူတို၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးခွင့်ရရှိစေရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က ဆိုသည်။


“သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပေါ်လစီကို လေ့လာကြည့်တဲ့အခါ ငြိမ်းချမ်းရေး ရအောင်ထိ ကျနော်တို့ ကြိုးပမ်း သွားမှာပါ။ အခု ပထမဆုံးအပစ်ခတ်ရပ်ဖို့အတွက်  ပဏာမအဆင့်ပြီးသွားပြီဆိုရင်လည်း ငြိမ်းချမ်းရေး  ရသွားပြီ လို့ ကျနော်လက်မခံပါ။ ငြိမ်းချမ်းရေးက ရခိုင်ကံကြမ္မာ ရခိုင်ဖန်တီးနိုင်တဲ့ အဆင့်ဆိုရင်တော့ ငြိမ်းချမ်းရေးရပြီလို့ ဆိုနိုင်တယ်။ ရအောင်ထိလည်း ကျနော်တို့ကြိုးစားသွားမယ်။” ဟု ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောသည်။

၎င်း လက်နက်ကိုင်ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့တွင်လည်း ပြည်နယ်အဆင့်ရှိ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအား ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်  စစ်တွေတွင် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဘက် အပစ်အခက်ရပ်ဆဲရေးအား သဘောတူညီခဲ့ပြီး ကျောက်တော်၊ ပလက်ဝမြို့နယ်တို့တွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဆက်ဆံရေးရုံးများ ထားရှိသွားမည်ဖြစ်သည်။

“ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဖို့ကတော့ ချက်ချင်း မဖြစ်နိုင်ပါဘူး။ တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်းဖို့ကတော့ ဖြစ်နိုင်မယ်။”ဟု ခိုင်စိုးနိုင်အောင်က ဆက်ပြောသည်။ လာမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစည်းဝေးပွဲတွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီအနေဖြင့် အချက်(၁၇)ချက်ကို တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment