Wednesday, April 25, 2012

ရခိုင်ပြည်နယ်၊ကျောက်တော်တွင် ကျွဲ၊နွား အခိုးခံရမှုများရှိနေဆဲ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကျွဲ၊ နွား အခိုးခံရမှုမှာပပျောက်သွားခြင်းမရှိပဲ ဆက်လက် အခိုးခံနေရ ဆဲဖြစ်ကြောင်း သိရှိရသည်။

ယင်းဒေသတွင် ကျွဲ၊ နွား များ မကြာခဏ အခိုးခံနေရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံဖြေရှင်း ပေးမှုများရှိနေသော်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

“ဒီမှာ ဖြစ်နေတာက နယ်က ကျွဲ၊ နွားတွေကို ခိုးပြီး တစ်ဖက် ဘင်္ဂလာဒေ့ရှ်နိုင်ဘက်မှာ ခိုးသွင်းကြတယ်။ အဲ့ဒါကြောင့် မကြာခဏဆိုသလို ရွာတွေမှာ မွေးမြူထားတဲ့ နွားတွေပျောက်လာတယ်။’’ ဟု ကျောက်တော် မြို့နယ် အပေါက်ဝ ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ကျွဲ၊ နွား အခိုးခံရခြင်းသည် ပြီးခဲ့သည့် နှစ်ထက် နည်းပါးသွားသော်လည်း လပိုင်ခြား၍ အခိုးခံနေ ရခြင်းဖြစ်သည်။
 
“အရင်နှစ်တွေကထက် နည်းသွားပေမယ့်  မွေးမြူထားတဲ့ ကျွဲ၊ နွား အခိုးခံရတဲ့ ပြဿနာက မပျောက်သေးဘူး။ ဒီကိစ္စကို   ကျနော်တို့ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစောငြိမ်းက  ပထမအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်ပြခဲ့တယ်။ ဖြစ်နိုင်ရင် အခိုးခံရတဲ့ အမှုကို သေသေချာချာကိုင်တွယ် သင့်တယ်။’’ ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်တွင်း  ကျွဲ၊ နွား  အခိုးခံရမှုသည် ၂၀၀၉ ခုနှစ်တွင်  (၃၃)မှုမှ တရားခံ (၇၈)ဦး၊ ၂၀၁၀ခုနှစ်တွင် (၂၅)ဦးနှင့် ၂၀၁၀ခုနှစ်တွင် ၁၅မှုမှ တရားခံ (၅)ဦးတို့အား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့သည်။

ကျွဲ၊ နွားအခိုးခံရခြင်း အမှုများပပျောက်နိုင်ရန် ကျောက်တော် နယ်မြေခံ ရဲတပ်သားတစ်ဦးက ယခုကဲ့သို့ အကြံပြုပြောဆိုထားသည်။

“ကျနော်တို့ဒေသမှာက ကျွဲ၊ နွားတွေကို လွှတ်ကျောင်းထားတာများတယ်။   ဒီအတိုင်းလွှတ်ထားတာပေါ့။  ကျနော်ပြောချင်တာက ကျွဲ၊ နွားတွေကို အခိုးမခံရအောင် ထိန်းကျောင်းတဲ့ သူတွေနဲ့ထားရင် ပိုကောင်းမယ်။ မဟုတ်ရင် ဒီပြဿာနာက လာဦးမှာ။” ဟု ၄င်းက အကြံပြုပြောဆိုသည်။
 
မူရင်း။ ။http://www.myitmakhamediagroup.com/detail.php?newid=1084

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment